ဆန္ဒပြပွဲတွေကို ဦးဆောင်နေတဲ့ ဆူဒန်အမျိုးသမီးတွေရဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေဟာ လူအများကြား ပျံ့နှံ့ သွားပြီး “စံထားစရာ” လို့ မှတ်ချက်ပေးခံခဲ့ရပါတယ်။
ဆူဒန်နိုင်ငံအဝှမ်းမှာ ဆန္ဒပြမှုတွေက ဆက်လက်ဖြစ်ပွားနေပြီး နှစ် ၃၀ ကြာ အာဏာယူထားတဲ့ သမ္မတ အိုမာအယ်ဘာရှားကို ဖြုတ်ချဖို့ လှုပ်ရှားနေကြပါတယ်။
ဘီဘီစီ အာဖရိကရဲ့သတင်းအရ ဆန္ဒပြသူတွေဟာ မြို့တော်ခါတုံမှာရှိတဲ့ စစ်ဌာနချုပ်တွေရဲ့ရှေ့မှာ သုံးညတာစခန်းချ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေကို လူစုခွဲဖို့ နိုင်ငံလုံးဆိုင်ရာစစ်ရေးနဲ့လုံခြုံရေးအကယ်ဒမီ(NISS)က “မျက်ရည်ယိုဗုံးတွေ၊ ကျည်ဆံတွေ” ကို သုံးနိုင်ခြေရှိနေပါတယ်။ ဆန္ဒပြသူတွေကို NISS ရဲ့ရန်ကနေ ကာကွယ်ပေးဖို့ စစ်သားတွေချီတက်လာနေတယ်ဆိုတဲ့သတင်းတွေလည်း ထွက်နေပါတယ်။
ဆန္ဒပြသူ ခုနစ်ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရကာ စစ်တပ်ဘက်က ၄၂ ဦး ထိခိုက်ဒဏ်ရရခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး ဘီရှာရာဂျမ်မားက ပြောဆိုခဲ့ပါတယ်။ လူပေါင်း ၂၅၀၀ နီးပါးကို ဖမ်းဆီးထားတယ်လို့လည်း ဆက်ပြောပါတယ်။ အယ်လ်ဂျာဇီးရားသတင်းဌာနတင်ပြချက်အရ စစ်သားနှစ်ယောက်ကို လုံခြုံရေးဘက် သတ်ပြီးတဲ့နောက် မတည်ငြိမ်မှုတွေဖြစ်လာတယ်လို့ဆိုပါတယ်။
ဆန္ဒပြပွဲက ဓာတ်ပုံတွေ၊ ဗီဒီယိုတွေက လူအများကြားပျံ့နှံ့သွားပြီးတဲ့နောက် လူတော်တော်များများက အပြောင်းအလဲအတွက် ဆူဒန်နိုင်ငံသားတွေရဲ့ ဇွဲနဲ့စိတ်ဓာတ်ခိုင်ကျည်မှုကို အားကျအတုယူလာကြပါတယ်။ လာနာအိတ်ရှ်ဟာရွန် ရိုက်ကူးတဲ့ပုံတစ်ပုံမှာဆိုရင် ၂၂ နှစ်အရွယ်ကျောင်းသူတစ်ဦးဖြစ်တဲ့ အာလားဆာလာက ကားခေါင်မိုးပေါ်တက်ရပ်ပြီး “တော်လှန်ရေး” လို့ တိုင်တည်ရွတ်ဆိုကာ ဆန္ဒပြသူတွေကို ဦးဆောင်နေတာ တွေ့ရပါမယ်။ ဒီပုံက လူအများကြား ပျံ့နှံ့သွားပြီး “စံထားစရာ” လို့မှတ်ချက်ပေးခံရပါတယ်။
ဘာသာပေါင်းစုံညီညွတ်ရေးလှုပ်ရှားသူ ဟင်မတ်ကီက တွစ်တာပို့စ်တစ်ခုမှာ ဆာလာရဲ့ဝတ်စုံအကြောင်း ရှင်းပြခဲ့ပါတယ်။ “သူက အဖြူရောင်အပေါ်ဝတ်ရုံကို ဝတ်ပြီး ရွှေရောင်နားကပ်ကို တပ်ထားတယ်” လို့ မတ်ကီကရေးပါတယ်။ “အဖြူရောင်အပေါ်ဝတ်ရုံကို ရုံးတွေမှာလုပ်တဲ့အမျိုးသမီးတွေက ဝတ်ဆင်ကြတာဖြစ်ပြီး (ဆူဒန်ရဲ့အဓိကထွက်ကုန်ဖြစ်တဲ့) ဝါဂွမ်းနဲ့ ချိတ်ဆက်နေပါတယ်။ ဒါကြောင့် မြို့က အလုပ်သမားအမျိုးသမီးတွေကိုရော ကျေးလက်က စိုက်ပျိုးရေးနယ်ပယ်မှာလုပ်နေတဲ့အမျိုးသမီးတွေကိုပါ ကိုယ်စားပြုပြီးသားဖြစ်သွားတယ်”
ဆူဒန်မှာ အမျိုးသမီးဦးဆောင်တဲ့ဆန္ဒပြပွဲတွေရဲ့ သမိုင်းကြောင်းအရအရေးပါပုံကို ထပ်ပြောပါသေးတယ်။ “ဆူဒန်တဝှမ်းမှာ မိန်းမဆန္ဒပြသူတွေကို ကန်ဒါကာ လို့ခေါ်ကြတယ်။ အဓိပ္ပါယ်ကတော့ ကိုယ့်တိုင်းပြည်နဲ့ကိုယ့်အခွင့်အရေးတွေအတွက် စွမ်းစွမ်းတမံတိုက်ခိုက်ယူတဲ့ စွမ်းဆောင်ရည်မြင့်အမျိုးသမီးမျိုးဆက်ကမ်းပေးတဲ့ ရှေးဆူဒန် နူဘီယန်ဘုရင်မတွေပေါ့” လူအများကြားပျံ့နှံ့သွားတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကြောင့် လက်ရှိမှာရော သမိုင်းတစ်လျှောက်မှာပါ တော်လှန်ရေးရဲ့ရှေ့တန်းကနေ အမျိုးသမီးတွေဘယ်လိုရှိနေ/ရှိခဲ့တယ်ဆိုတဲ့အကြောင်း ပြောဆိုဆွေးနွေးဖြစ်စေခဲ့ပါတယ်။