Aishwarya Javalgekar ၏ Domestic Labour And The Invisibilisation Of Women’s Work ဆောင်းပါးအား မြန်မာဘာသာသို့ပြန်ဆိုသည်။
အဖိုကြီးစိုးတဲ့အိန္ဒိယလူ့အဖွဲ့အစည်းမှာ ဂျန်ဒါမညီမျှမှုဟာ လူမှုအရေးကိစ္စတစ်ခုတင်မဟုတ်ဘဲ စီးပွားရေးဖြစ်ရှိတရားလည်း ဖြစ်နေပါတယ်။ အိန္ဒိယဟာ ကမ္ဘာမှာ ကျား-မ လုပ်ခလစာကွာဟမှု အများဆုံးနိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ ၂၀၁၆ ခုနှစ်မှာဆို အမျိုးသမီးတွေက အမျိုးသားတွေထက် ၂၅% နည်းပါးစွာရရှိနေပါတယ်။ အမျိုးသားကြီးစိုးတဲ့လုပ်ငန်းခွင်နယ်ပယ်တွေမှာ အမျိုးသမီးတွေဟာ ပေထရီအာခီစနစ်ရဲ့စံနှုန်းတွေပြည့်မီကြောင်း သက်သေမပြနိုင်သရွေ့ စနစ်ကျကျ ဘေးဖယ်ထုတ်ထားခံနေရပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေဟာ အသိအမှတ်ပြုမှုရော လုပ်ခလစာပါ မရရှိတဲ့ အလုပ်ဝန်ပိုကိုလည်း ထမ်းရပါသေးတယ်။ ကုလသမဂ္ဂရဲ့အစီရင်ခံစာအရ အမျိုးသမီးတွေလုပ်တဲ့ အလုပ်ရဲ့ ၅၁% ဟာ လုပ်ခလစာမရတဲ့အပြင် တစ်နိုင်ငံလုံးရဲ့ထုတ်ကုန်ပမာဏနဲ့ အခြားစာရင်းအင်းအချက်အလက်တွေမှာလည်း ထည့်သွင်းခံရခြင်းမရှိပါဘူး။
လုပ်ခမရတဲ့လုပ်အားက အမျိုးသမီးတွေအပေါ်ပဲ သက်ရောက်တာမဟုတ်ပေမဲ့ အမျိုးသမီးတွေပဲ အများဆုံးခံရတာဖြစ်ပါတယ်။ တစ်ပိုင်တစ်နိုင်စီးပွားရေးကစလို့ အိမ်မှုကိစ္စတွေအထိ၊ အမျိုးသမီးတွေလုပ်ရတဲ့အလုပ်အများစုကို မိန်းမအလုပ်လို့ တထစ်ချသတ်မှတ်ပြီး ‘တကယ့်’ လုပ်အားအဖြစ် အရာမသွင်းပါဘူး။ နမူနာပြရရင်၊ အိမ်မှုကိစ္စနဲ့ ရင်သွေးပြုစုပျိုးထောင်ခြင်းတွေကို မိန်းမတွေရဲ့မွေးရာပါတာဝန်လို့ သတ်မှတ်ထားဆဲဖြစ်ပြီး ယောက်ျားတွေကတော့ ကူနိုင်တဲ့အချိန်မှာ ‘ဝင်ကူ’ တာမျိုးပါ။ ဒါကြောင့် အမျိုးသမီးတွေရဲ့လုပ်အားအများစုဟာ ဒီနေ့ထိ လူမှုနယ်ပယ်မှာ လူမသိသူမသိဖြစ်နေဆဲပါပဲ။
လေ့လာမှုတွေအရ အာဖရိကနဲ့ အာရှမှာ စိုက်ပျိုးရေးလုပ်အားတွေရဲ့ ၆၀% နီးပါးဟာ အမျိုးသမီးတွေရဲ့ လုပ်အားဖြစ်ပေမဲ့ မြေပိုင်ဆိုင်မှုမှာတော့ ၂၀% အောက်ရောက်နေတာကိုတွေ့ရပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေကို လယ်သမားလို့ အသိအမှတ်မပြုဘဲ လုပ်ခမရတဲ့ မိသားစုလယ်အလုပ် ဒါမှမဟုတ် လခနည်းပါးတဲ့လုပ်အားအဖြစ် လျှော့ချလိုက်ကြပါတယ်။ တစ်ကမ္ဘာလုံးမှာ လုပ်ခမရတဲ့ ပြုစုစောင့်ရှောက်ရေးအလုပ်တွေရဲ့ ၇၅%ကို အမျိုးသမီးတွေကလုပ်နေရပြီး ဒါဟာ အမျိုးသားများရဲ့ ၁၀ ဆ သို့မဟုတ် ၁၂ ဆနီးပါးရှိပါတယ်။ ဒါပေမယ့်လည်း ဒီလုပ်အားတွေကို တစ်နိုင်ငံလုံးထွက်ကုန်ပမာဏ ထဲထည့်သွင်းခြင်းမရှိပါဘူး။ အမျိုးသမီးများရဲ့ လုပ်ခမရတဲ့လုပ်အားအများစုက အိမ်တွင်းမှုအလုပ်တွေဖြစ်ပါတယ်။
လုပ်ခမရတဲ့ အိမ်တွင်းမှုအလုပ်တွေ
လုပ်ခမရတဲ့အိမ်တွင်းမှုအလုပ်တွေ ဆိုတာ ဟင်းချက်စရာဝယ်ခြင်း၊ ချက်ပြုခြင်း၊ အိမ်သန့်ရှင်းရေးတို့လို ဗာဟီရတွေစလို့ ကလေးကိုပြုစုပျိုးထောင်ခြင်း၊ မိသားစုတွင်း နာမကျန်းသူ၊ ဇရာထောင်သူများကို ပြုစုခြင်းအထိကို ဆိုလိုပါတယ်။ ကျေးလက်ဒေသတွေမှာဆိုရင် ထင်းကောက်ရတာ၊ ရေခပ်ရတာတွေတောင် ပါပါသေးတယ်။ နေ့စဉ်အိမ်တွင်းမှုအလုပ်တွေဟာ ရုပ်ပိုင်းဆိုင်ရာတင်မက စိတ်ပိုင်းဆိုင်ရာမှာပါ ပင်ပန်းရပါတယ်။ တကယ့်အလုပ်လို့ မသတ်မှတ်ကြတဲ့အတွက် ဒီကနေအကျိုးအမြတ်ရနေတဲ့အမျိုးသားတွေရော၊ လုပ်နေရတဲ့အမျိုးသမီးတွေကပါ ဒါကို တန်ဖိုးလျှော့တွက်ကြပါတယ်။
အမျိုးသမီးတွေ လုပ်ငန်းခွင်ဝင်ဖို့ ကြိုးစားရင်တောင်မှ လုပ်ခမရတဲ့အိမ်တွင်းမှုအလုပ်က လုပ်ခရတဲ့အလုပ်အကိုင်အခွင့်အလမ်းတွေဆီသွားရာမှာ အတားအဆီးတစ်ခုဖြစ်နေပါတယ်။ အလုပ်ခွင်ထဲမှာ အမျိုးသမီးတွေပါဝင်လာခြင်းကို စွမ်းဆောင်ရည်မြှင့်တင်ခြင်းလို့ သတ်မှတ်ကြပေမယ့် အမျိုးသမီးတွေမှာ ဝန်ထုပ်ဝန်ပိုးနှစ်ဆဖြစ်ရပါတယ်။ အလုပ်တာဝန်တွေမက လုပ်ခမရတဲ့အိမ်တွင်းမှုအလုပ်တွေကိုပါ ပူးတွဲလုပ်ဆောင်ကြရပါတယ်။ အမျိုးသမီးတစ်ယောက် အိမ်အပြင်ထွက်လုပ်တယ်ဆိုရင် အိမ်တွင်းမှုအလုပ်တွေဟာ မိသားစုတွင်းက တခြားအမျိုးသမီးတွေအပေါ် ပုံကျပါတယ်။ လင်ရောမယားပါအလုပ်ထွက်လုပ်တဲ့မိသားစုမျိုးမှာဆိုရင် အိမ်တွင်းမှုအလုပ်တွေကို အမျိုးသမီးတွေကပဲ တာဝန်ယူနေရဆဲပါ။ သုတေသနစစ်တမ်းတွေအရ အိမ်တွင်းမှုအလုပ်တွေနဲ့ပတ်သက်ပြီး အမျိုးသမီးတွေက အမျိုးသားတွေထက် အချိန်နှစ်ဆပေးကာ လုပ်နေရတယ်လို့ဆိုပါတယ်။ ဆိုလိုတာက နေ့စဉ်အမှုမှာ အမျိုးသမီးတွေက အမျိုးသားတွေက ပိုလုပ်နေရတာပါပဲ။
အမျိုးသမီးတွေအတွက် လုပ်ခမရတဲ့အလုပ်အများစုဟာ အိမ်တွင်းမှုအလုပ်တွေဖြစ်ကြပါတယ်။
တချို့ဖြစ်ရပ်တွေမှာ အမျိုးသမီးတွေ အလုပ်ထွက်လုပ်ရင် အိမ်တွင်းမှုအလုပ်တွေက အိမ်ဖော်တွေဆီ ရောက်သွားပါတယ်။ ဒီအိမ်ဖော်တွေမှာ အများစုဟာ ဘေးဖယ်ထုတ်ခံရတဲ့နောက်ခံအခြေအနေတွေကလာတဲ့၊ လုပ်ခနည်းပါးစွာရရှိတဲ့ အမျိုးသမီးတွေဖြစ်ကြပါတယ်။ ငွေကြေးတတ်နိုင်တဲ့မိသားစုက အမျိုးသမီးတွေဟာ အိမ်တွင်းမှုအတွက် တခြားအမျိုးသမီးတွေကို ခန့်ပြီးလွှဲနိုင်တာကြောင့် လုပ်ငန်းခွင်ဝင်နိုင်ပြီး နွမ်းပါးတဲ့အမျိုးသမီးတွေမှာတော့ အိမ်တွင်းမှုတာဝန်တွေကြောင့် လုပ်ခရတဲ့အလုပ်အကိုင်တွေကို လက်လွှတ်နေကြရတယ်လို့ ယူဆနိုင်ပါတယ်။ ဒါပေမယ့် အိန္ဒိယမှာ ငွေကြေးတတ်နိုင်တဲ့မိသားစုက အမျိုးသမီးတွေဟာလည်း ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေကြောင့် လုပ်ငန်းခွင်ဝင်ခွင့်မရဘဲ နွမ်းပါးတဲ့အမျိုးသမီးတွေကတော့ ဘဝအခြေအနေတွေကြောင့် ဝန်ထုပ်ဝန်ပိုးနှစ်ဆထမ်းပြီး လုပ်နေကြရပါတယ်။
အိမ်တွင်းမှုအလုပ်နဲ့ နေပျော်တဲ့ဘဝ
တစ်ခါတလေမှာ လုပ်ခမရတဲ့အိမ်တွင်းမှုအလုပ်တွေကို တစ်ကိုယ်ရည်စောင့်ရှောက်မှု၊ အားလပ်ချိန်မှာ လုပ်စရာ သဖွယ် လျှော့ပေါ့ထားပစ်ကြပါတယ်။ ဥပမာ၊ ချက်ပြုတ်တာ၊ သန့်ရှင်းတာ၊ ကလေးထိန်းကျောင်းတာ၊ ရေလောင်းပေါင်းသင်တာ … အားလုံးဟာ လုပ်ခမရတဲ့အလုပ်တွေဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီအလုပ်တွေအတွက် တခြားသူတွေကို လုပ်ခပေးပြီး လုပ်ခိုင်းလို့ရတာကြောင့်ပါပဲ။ ဒါပေမယ့် ရုပ်ရှင်ကြည့်တာ၊ အတတ်ပညာတစ်ခုသင်တာတွေကသာ တခြားသူကို ငှားလုပ်ခိုင်းလို့မရတဲ့အတွက် အားလပ်ချိန်မှာလုပ်စရာလို့ အကျုံးဝင်ပါတယ်။
ဒါပေမယ့် အမျိုးသမီးတွေဟာ တစ်ကိုယ်ရည်စောင့်ရှောက်မှုနဲ့ အားလပ်ချိန်မှာ လုပ်စရာတွေအတွက် အချိန်မရကြပါဘူး။ တကယ်တော့ အိမ်တွင်းမှုအလုပ်တွေဟာ အမျိုးသမီးတွေရဲ့ ကျန်းမာရေးအပေါ် ဆိုးကျိုးတွေသက်ရောက်ပြီး ဘဝရဲ့အရည်အသွေးကို ကျစေပါတယ်။ ပုံမှန်အလုပ်တွေက အလုပ်ပိတ်ရက်ရယ်လို့ သတ်သတ်မှတ်မှတ်ရှိပေမယ့် လုပ်ခမရတဲ့အိမ်တွင်းမှုအလုပ်တွေကိုတော့ နေ့တိုင်းလုပ်နေရပါတယ်။ ( “အမေတစ်ယောက်ဖြစ်ရတာ အချိန်ပြည့်အလုပ်တစ်ခုပါပဲ” ဆိုတဲ့စကားစုကို သတိရပါ) မင်္ဂလာဆောင်တာ၊ မိသားစုတွင်း နာမကျန်းဖြစ်တာ စတာတွေက အမျိုးသမီးတွေအပေါ် ဖိအားထပ်ပေးပြီး အလုပ်ထွက်ရတာမျိုး၊ အချိန်ပိုင်းအလုပ်ပဲရှာတာမျိုးထိ ဖြစ်စေပါတယ်။
ဒါ သိပ်မဆိုးသေးဘူး ထင်ပါသလား။ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဘတ်ဂျက်အသုံးချမှုလျှော့ချတာကြောင့်၊ ဒါမှမဟုတ် ဂျန်ဒါအမြင်မရှိတဲ့မူဝါဒတွေကြောင့် ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်းမှာ လုပ်ခမရတဲ့အိမ်တွင်းမှုအလုပ်တွေ ပိုများလာပါတယ်။ နမူနာပြောရရင်၊ သစ်တောထိန်းသိမ်းရေးလှုပ်ရှားမှုက သစ်တောမြေတွေကို ထိန်းသိမ်းပေးနိုင်ကောင်းထိန်းပေးနိုင်ပါလိမ့်မယ်၊ ဒါပေမယ့် အမျိုးသမီးတွေကို ထင်းရှာကောက်စေပြီး လုပ်ခမရတဲ့အိမ်တွင်းမှုအတွက် အချိန်ပိုပေးရစေပါတယ်။ စစ်တမ်းတွေအရ အိန္ဒိယမှာ အမျိုးသမီးတွေရဲ့ ၈၀%ဟာ လုပ်ခမရတဲ့အိမ်တွင်းမှုတွေလုပ်နေကြရပါတယ်၊ အမျိုးသားတွေလုပ်ရတာထက် ခုနစ်ဆရှိပါတယ်။ ဒါကြောင့် စီးပွားရေးနဲ့ပညာရေးတိုးတက်မှုတွေရှိလာပေမယ့် အမျိုးသမီးတွေရဲ့ အလုပ်ခွင်ဝင်နှုန်းဟာ ၂၀၀၄ ခုနှစ်မှာ ၃၁% ကနေ ၂၀၁၁ ခုနှစ်မှာ ၂၄% ထိကျဆင်းသွားခဲ့တာကို တွေ့ရပါမယ်။
လုပ်ခမရတဲ့လုပ်အားတွေကို အသိအမှတ်ပြုခြင်းရဲ့အကျိုးကျေးဇူးများ*
လုပ်ခမရတဲ့အိမ်တွင်းမှုအလုပ်တွေကို တကယ့်တရားဝင်အလုပ်အဖြစ် အသိအမှတ်ပြုခြင်းမှာ စီးပွားရေးအရ သိသိသာသာ အကျိုးကျေးဇူးရှိပါတယ်။ အမျိုးသမီးတွေလုပ်နေရတဲ့ အိမ်တွင်းမှုအလုပ်တွေရဲ့တန်ဖိုးဟာ တစ်ကမ္ဘာလုံး ပျမ်းမျှအားဖြင့် GDP (တစ်နိုင်ငံလုံးထုတ်ကုန်ပမာဏ)ရဲ့ ၁၃% ခန့်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ အိန္ဒိယမှာတော့ နိုင်ငံ GDP ရဲ့ ၃၉% တောင်ရှိနေပါတယ်။ ဆိုလိုတာက အိန္ဒိယမှာ ကုန်ထုတ်စွမ်းအားရဲ့အများစုကို ဘဏ္ဍရေးတွက်ချက်မှုဟာ ထည့်သွင်းမထားဘူးဆိုတာပါပဲ။ လုပ်ခမရတဲ့လုပ်အားတွေကို အသိအမှတ်ပြုခြင်းဟာ စီးပွားရေးအရတင် အကျိုးရှိတာမဟုတ်ပါဘူး။ အိမ်တွင်းမှုအလုပ်တွေဟာ မိသားစုဆိုတဲ့ယူနစ်ကို လည်ပတ်စေပြီး အိမ်အပြင်အလုပ်တွေကို ပိုချောမွေ့စေပါတယ်။
အမျိုးသမီးတွေရဲ့ လုပ်ခမရတဲ့လုပ်အားကို အစိုးရက စပြီးတော့ အသိအမှတ်ပြုလာပါပြီ။ နိုင်ငံလုံးဆိုင်ရာ ကျေးလက်ဒေသအလုပ်ရရှိရေးဥပဒေ (NREGA) ၂၀၀၅ ဟာ ကျေးလက်နေအမျိုးသမီးတွေကို စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် ပထမခြေလှမ်းဖြစ်ပြီး လုပ်ခမရတဲ့၊ လုပ်ခနည်းပါးတဲ့ စိုက်ပျိုးရေးလုပ်အားပြဿနာကို စတို့ထိလိုက်တာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း အိမ်တွင်းမှုအလုပ်ကို တကယ့်တရားဝင်အလုပ်အဖြစ် သတ်မှတ်ဖို့တော့ ဝေးနေဆဲပါပဲ။
*ယခုစာပိုဒ်မှာ မူရင်းစာရေးသူ၏ အာဘော်သာဖြစ်ပါသည်။
တကယ့်တန်းတူညီမျှမှုရဖို့ဆိုရင် လုပ်ခမရတဲ့အိမ်တွင်းမှုအလုပ်တွေကို တကယ့်အလုပ်လို့သတ်မှတ်ပြီး ထိုက်တန်တဲ့အသိအမှတ်ပြုမှုပေးဖို့လိုပါတယ်။
အိမ်အပြင်မှာ အလုပ်လုပ်နိုင်ရေးအတွက် ဆယ်စုနှစ်ပေါင်းများစွာထမ်းလာရတဲ့အိမ်တွင်းမှုအလုပ်တွေကို ငြင်းပယ်လိုက်ရုံနဲ့ မပြီးသေးဘူးဆိုတာ သတိရနေဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ အမျိုးသမီးတွေ အပြင်ထွက်လုပ်တဲ့အခါ ‘အိမ်အလုပ်တွေကို ဘယ်သူလုပ်မှာလဲ’ ဆိုတဲ့မေးခွန်းက ရှိနေတုန်းပါပဲ။ အိမ်တွင်းမှုအလုပ်တွေကို ဂျန်ဒါအရခွဲခြားသတ်မှတ်ပေးထားတာကြောင့် နောက်ဆုံးမှာတော့ ဒီတာဝန်တွေက အမျိုးသမီးတွေအပေါ်ကျလာတာပါပဲ။ ဒါက အမျိုးသမီးတွေ ကျွမ်းကျင်တဲ့လုပ်သားတွေမဟုတ်ဘူး၊ အလုပ်အပြင် တခြားဦးစားပေးစရာတွေရှိနေတယ် ဆိုတဲ့အမြင်တွေကို အားပေးအားမြှောက်ပြုပါတယ်။
အလုပ်ခွင်မှာ အခွင့်အလမ်းတန်းတူညီမျှရှိခြင်းဟာ အမျိုးသမီးတွေကို လုပ်ခလစာတိုးပေးရေး၊ အမျိုးသမီးတွေ လုပ်ငန်းခွင်မှာပါဝင်လာရေးတင်မဟုတ်ဘဲ လုပ်အားအပေါ် အဖိုကြီးစိုးတဲ့အမြင်နဲ့ သတ်မှတ်ထားချက်ကို အဓိပ္ပါယ်ပြန်လည်ဖွင့်ဆိုရေးလည်းဖြစ်ပါတယ်။ ဒါဆိုရင် အိမ်တွင်းမှုအလုပ်တွေကို ဂျန်ဒါအရခွဲခြားတာမရှိတော့ဘဲ အမျိုးသမီးတွေရဲ့ အလုပ်ချိန်ကို နည်းပါးစေကာ ဘဝရဲ့အရည်အသွေးကို မြှင့်တက်သွားစေပါတယ်။
တကယ့်တန်းတူညီမျှမှုရဖို့ဆိုရင် လုပ်ခမရတဲ့အိမ်တွင်းမှုအလုပ်တွေကို တကယ့်အလုပ်လို့သတ်မှတ်ပြီး ထိုက်တန်တဲ့အသိအမှတ်ပြုမှုပေးဖို့လိုပါတယ်။ အဲဒီ့အခါကျမှသာ အလုပ်ခွင်မှာရော၊ အိမ်တွင်းမှာပါ တန်းတူညီမျှပါဝင်လာခြင်းကို မျှော်လင့်လို့ရမှာဖြစ်ပါတယ်။