ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခံထားရတဲ့ ကချင်လူငယ်သုံးဦးကို ယနေ့ ဒီဇင်ဘာ ၁၈ ရက် မနက်ပိုင်းက မြစ်ကြီးနားမြို့နယ်တရားရုံးမှာ စစ်ဆေးခဲ့ပြီး ဒဏ်ငွေပေးဆောင်ရန် အပြီးသတ် အမိန့်ချမှတ်ခဲ့တယ်လို့ တရားစွဲဆိုရာမှာ ပါဝင်သူတစ်ဦးဖြစ်တဲ့ ဆွတ်ဆိုင်းထွယ်က ပြောပါတယ်။
ငြိမ်းစုစီဖြင့် တရားစွဲဆိုခံရသူသုံးဦးဖြစ်သည့် မ ဆွတ်ဆိုင်းထွယ်ကို ဒဏ်ငွေ ၁ သိန်း၊ ရှေ့နေ ဆိုင်းခွမ် နှင့် ဆရာဘရန်မိုင်တို့ကို ဒဏ်ငွေကျပ်သုံးသောင်းစီပေးဆောင်ရန် အမိန့်ချမှတ်ခဲ့တယ်လို့ သူမကဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်းကပိတ်မိပြည်သူများလွတ်မြောက်ရေးကို ဦးဆောင်လှုပ်ရှားခဲ့သော ဦးဆောင်သူ (၃) ဦးဖြစ်သည့် ဆရာမနန်ပူ၊ ဦးလွမ်းဇောင်း နှင့် ဦးဇော်ဂျတ်တို့ကို တပ်မတော်က ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုမှုများပြုလုပ်ခဲ့ပြီး ထောင်ဒဏ် (၆) လနှင့် ဒဏ်ငွေ (၅) သိန်းကျပ်ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည့်အပေါ် မကျေနပ်သဖြင့် တရားရုံးကနေ မနောကွင်းထိ လမ်းလျှောက်ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့်အတွက် တရားစွဲခံခဲ့ရခြင်းလည်း ဖြစ်သည်။
“ ဒီလိုအမိန့်ချလိုက်တဲ့အပေါ် အဲ့ဒီနေ့က တရားရုံးကို လာရောက်ဝန်းရံခဲ့ကြတဲ့စစ်ရှောင်ပြည်သူတွေရော ၊ လူငယ်တွေရော ၊ တခြားရပ်မိရပ်ဖိတွေက မကျေနပ်လို့ Failed law ဆိုတဲ့ဆောင်ပုဒ်တွေကိုင်ပြီး ဆန္ဒထုတ်ဖော်ပြောဆိုခဲ့ကြတာ။ အဲ့လိုဆန္ဒထုတ်ဖော်တာကို ကျွန်မတို့၃ဦးကိုတော့ ငြိမ်းစုစီကို ခွင့်မတောင်းပဲနဲ့ ဦးဆောင်ခဲ့တယ်ဆိုပြီးတော့ ထပ်ဆင့်တရားစွဲခဲ့တာဖြစ်ပါတယ် ” လို့ မဆွတ်ဆိုင်းထွယ်က ရှင်းပြပါတယ်။
တရားစွဲဆိုခံခဲ့ရသည့် ကချင်လူငယ်သုံးဦးကို တရားရုံးက ဒီဇင်ဘာ၁၀ ရက်နေ့ စတင်စစ်ဆေးခဲ့ပြီး ယင်းနေ့မှာပင် အာမခံပေးခဲ့ပါတယ်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက်နေ့က လူငယ် ၃ဦးကို တရားစွဲဆိုခဲ့သည့်တရားလိုမြို့နယ်ယာယီရဲမှူး မြင့်မိုးအပါအဝင် ရဲအုပ် လှမင်းအောင်၊ ရှမ်းစုထောင်ရပ်ကွက် ရာအိမ်မှူး ဦးယာစင်း၊ မြို့မရဲစခန်း ဒုရဲမှူး သန်းလွင်တို့ကို စစ်ဆေးခဲ့ပြီး စွပ်စွဲခံရသူ ၃ဦးက အပြစ်မရှိကြောင်း ထွက်ဆိုခဲ့သည့်အတွက်
ရုံးချိန်းကို ဒီဇင်ဘာ၁၈ ရက်နေ့သို့ ရွေ့ပြောင်းလိုက်ပြီး ယနေ့တွင် အပြီးသတ် ဒီဂရီချမှတ်လိုက်ခြင်းလည်း ဖြစ်သည်။
“ ကျွန်မတို့သုံးဦးက ငြိမ်းစုစီကိုဦးဆောင်ခဲ့ခြင်းမဟုတ်ဘူး ။ လာရောက်ပါဝင်တဲ့ပြည်သူတွေနဲ့အတူ မကျေနပ်ချက်တွေ ၊ တရားမမျှတတာတွေကို တောင်းဆိုခဲ့ခြင်းဖြစ်တယ်။ ဒါပေမယ့် လိုက်လံပါဝင်ခဲ့ခြင်းတော့ရှိကြောင်း တရားသူကြီးကို စာရေးသားပေးပို့ခဲ့တယ် ” လို့ မဆွတ်ဆိုင်းထွယ်က ပြောပါတယ်။
ထို့ပြင် ယခုကဲ့သို့တောင်းဆိုခြင်းသည် ဖွဲ့စည်းပုံပါ ပြည်သူများအနေဖြင့်ရသင့်သည့်အခွင့်အရေးများအတိုင်း တောင်းဆိုခြင်းဖြစ်ပြီး လွတ်လပ်စွာဆန္ဒထုတ်ဖော်ပြောဆိုခွင့်အတိုင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့တောင်းဆိုခဲ့ခြင်းသည် တရားမျှတမှုကို လိုလားသောကြောင့် တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု မြို့နယ်တရားသူကြီးထံ စာရေးသားပေးပို့ခဲ့တယ်လို့ တရားစွဲဆိုခံ လူငယ်များထံမှ သိရသည်။
အလားတူပင် ထောင်ဒဏ်နှင့်ငွေဒဏ်များချမှတ်ခံခဲ့ရသည့် ခေါင်းဆောင်သုံးဦးအတွက် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက်နေ့က အယူခံဝင်ရောက်ခဲ့ပြီး တရားရုံးကပထမအဆင့်အနေဖြင့် ပလပ်ခြင်းခံရသဖြင့် နောက်ထပ်အယူခံထပ်ဝင်ရန် ပြင်ဆင်နေပြီး ကချင်လူငယ်များအနေဖြင့်လည်း ခေါင်းဆောင်များအမြန်ဆုံးလွတ်မြောက်ရန်နှင့် အမှုကိုပြန်လည်စိစစ်ရန် သဏ္ဍာန်မတူတဲ့လှုပ်ရှားမှုများ ဆက်လက်ပြုလုပ်သွားမယ်လို့ ကချင်လူငယ်လှုပ်ရှားမှုအဖွဲ့ထံမှ သိရသည်။