လတ်တလော လူမှုကွန်ရက်မှာနာမည်ကြီးနေတဲ့ရုပ်ရှင်ဇာတ်ကားတစ်ကားအပေါ် ဝေဖန်ပြောဆိုနေမှုနဲ့ ပတ်သတ်ပြီး ကျွန်မအနေနဲ့ အကြောင်းအရာတစ်ခုကို ဖြန့်ကျက်စဉ်းစားမိတယ်။ လက်ရှိ ရုပ်ရှင်ရုံတော်တော်များများမှာ ရုံတင်ပြသနေတဲ့ “ မီ ” ရုပ်ရှင်ဇာတ်ကားက ယခုချိန်ထိ ဝေဖန်မှုများနဲ့ ရင်ဆိုင်နေရတယ်။ အဓိကကတော့ ဇာတ်ကားရဲ့ အဓိကဇာတ်ဆောင် မီ က ကားရဲ့ဇာတ်ဝင်ခန်းတော်တော်များများမှာ ဆေးလိပ်သောက်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြစ်တင်ပြောဆိုတာမျိုးတွေပါ ။ ဒီလိုပြစ်တင်ပြောဆိုမှုမှာ ကျွန်မအနေနဲ့ သတိထားမိတာကတော့ မီ ဟာ အမျိုးသမီးတစ်ယောက်ဖြစ်လို့ ယခုလောက် ဝေဖန်ပြောဆိုခံနေရသလားဆိုတာကို မေးခွန်းထုတ်မိပါတယ်။
” မီ ” ဆိုတဲ့အမျိုးသမီးဟာ အမျိုးသမီးတစ်ယောက်၊ အထူးသဖြင့် မြန်မာအမျိုးသမီးဆိုပြီး လူအများသတ်မှတ်ထားတဲ့ ပုံစံတွေထဲက ကွဲထွက်နေတဲ့အမျိုးသမီးတစ်ယောက်ဖြစ်တယ်။ မိန်းမမှန်ရင်ဆိုပြီး သတ်မှတ်ထားတဲ့ ဆေးလိပ်မသောက် အရက်မသောက်ရ အိနြေ္ဒရ(..) အမျိုးသမီး စတာတွေကို ခွဲထွက်ထားတဲ့ မိန်းမတစ်ယောက် ။ ဒီရုပ်ရှင်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်လောက်ထဲက ဆရာမကြီးကြည်အေးက ရေးသားခဲ့တဲ့ ဝတ္ထုကို ရုပ်ရှင်ဇာတ်ကားအဖြစ် ပြန်လည်ရိုက်ထားခြင်းလည်း ဖြစ်တယ်။ ပြီးတော့ မီ ဆိုတဲ့ အမျိုးသမီးကလည်း အပြင်မှာတကယ်ရှိတဲ့အမျိုးသမီးဖြစ်တယ်ဆိုတာပဲ။
ကျွန်မအနေနဲ့ ဒီနေရာမှာ ဝေဖန်ခံရခြင်းအပေါ်ကို အဓိကထား ပြောချင်ပါတယ်။ မီ ဟာ ဒီဇာတ်ကားမှာ ဆေးလိပ်သောက်လို့ ဝေဖန်ခံရတယ် ။ ရှင်းရှင်းပြောရရင် ဆေးလိပ်သောက်တဲ့ အမျိုးသမီးမို့ပေါ့ ။ လူငယ်တွေ အတုယူမှားမယ်ဆိုတဲ့ အတွေးအခေါ်တွေကလည်း တကြောင်း တစခန်းပေါ့ ။ ဆေးလိပ်သိပ်သောက်တဲ့မီဟာ နောက်ဆုံးမှာတော့ ဆေးလိပ်ရဲ့ကျေးဇူးနဲ့ သေဆုံးသွားရတာပါပဲ။ ဒါပေမယ့် မီဟာ မိန်းမဆေးလိပ်သောက်လို့ ပိုဝေဖန်ခံရသလားလို့ ကျွန်မစိတ်ထဲမှာ တွေးထင်မိတယ်။ ဒီဇာတ်ကားထဲမှာဆိုရင် တခြားအမျိုးသားတွေဟာလည်း အရက်ဆေးလိပ်သောက်ကြတာပဲ ။ ဒါကိုတော့ လူ့အဖွဲ့အစည်းက အပြစ်လို့မမြင်ကြပဲ သမားရိုးကျ ဖြစ်ရိုးဖြစ်စဉ်လို့ပဲ ထင်မြင်ကြပြီး ဆင်ဆာဖြတ်တောက်ခြင်းအပြင် ပြစ်တင်ဝေဖန်မှုတစ်စုံတစ်ရာကို မပြုလုပ်ကြတာကိုလည်း သတိထားမိပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလက ပြုလုပ်သွားတဲ့ ဝဿန်ရုပ်ရှင်ပွဲတော်မှာလည်း ပြိုင်ပွဲဝင်ဇာတ်ကားတစ်ကားမှာ ဇာတ်ဝင်ခန်းတစ်ခန်းက ဆင်ဆာဖြတ်တောက်ခံရတာကို ကျွန်မ သတိထားမိတယ်။ ဆင်ဆာဖြတ်တောက်ခံရတဲ့ ဇာတ်ဝင်ခန်းက အမျိုးသမီးဝိုင်သောက်နေတဲ့ဇာတ်ဝင်ခန်းပါ ။ အမျိုးသားနဲ့ အမျိုးသမီး ဝိုင်သောက်ကြခြင်း အတူတူ အမျိုးသမီးဝိုင်သောက်တဲ့အခန်းကိုတော့ ဖြတ်တောက်ခံရတာပါ။ မြန်မာရုပ်ရှင်တော်တော်များများမှာ အမျိုးသားတွေ အရက်ဘီယာဆိုင်ထိုင်တဲ့အခန်း ၊ ဧည့်ခန်းမှာ အရက်ထိုင်သောက်တဲ့အခန်းတွေကို တော်တော်များများတွေ့ရပြီး ဆင်ဆာဖြတ်တောက်ခြင်းမခံရတာကိုလည်း သတိထားမိတယ်။ သို့သော် ယင်းဇာတ်ကားမှာတော့ အမျိုးသမီးဝိုင်သောက်တဲ့အခန်းကိုတော့ ဆင်ဆာဖြတ်တောက်ခံရတယ်ဆိုသည်ကိုတော့ မေးခွန်းထုတ်စရာဖြစ်ပါတယ်။
အလားတူပင် လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းက ကျွန်မပြန်ကြည့်မိတဲ့ “ မိုးသက်လေကိုခြွေတဲ့ဆောင်း ” ဆိုတဲ့ မြန်မာရုပ်ရှင်ဇာတ်ကားဟောင်းတစ်ခုမှာလည်း အလားတူအနေအထားမျိုးကို တွေ့ရတယ်။ ယင်း ဇာတ်ကားမှာလည်း ချမ်းသာတဲ့မိသားစုတစ်ခုမှာကြီးပြင်းပြီး ခေတ်ဆန်ဆန်နေတတ်တဲ့ မိန်းကလေးတစ်ယောက်ရယ်၊ တဖက်မှာ မန္တလေးမြို့မှာ ကြီးပြင်းပြီး မြန်မာယဉ်ကျေးမှုနဲ့အညီ မြန်မာမိန်းကလေးလို့ သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ နေထိုင်တဲ့မိန်းကလေးနှစ်ယောက်နဲ့ အမျိုးသားတစ်ယောက်အကြောင်းတို့ကို ရိုက်ကူးထားတဲ့ရုပ်ရှင်မျိုး ဖြစ်ပါတယ်။ ဒီကားမှာလည်း ခေတ်ဆန်တဲ့ မိန်းကလေးကို အိနြေ္ဒမရှိတဲ့မိန်းမ၊ လျပ်ပေါ်လော်လီပြီး လူအများ အထင်သေးစရာ မိန်းမတစ်ယောက်အဖြစ် သရုပ်ဖော်ထားပြီး နောက်ဆုံးမှာ သူတစ်ပါးဖျက်ဆီးခြင်းကို ကြုံရကာ ဇာတ်သိမ်းရပုံမျိုးနဲ့ ပုံဖော်ထားပါတယ်။ တဖက်မှာတော့ မြန်မာဆန် ၊ မိန်းမဆန်ဆန် ယဉ်ကျေးသိမ်မွေ့တဲ့ အမျိုးသမီးကတော့ လူအများရဲ့ ချစ်ခင်ချီးမွန်းခြင်းကိုခံရပြီး နောက်ဆုံးမှာတော့ အမျိုးကောင်းသားလို့ဆိုသူနဲ့ အိမ်ထောင်ကျသွားတဲ့ပုံစံမျိုး ဇာတ်ကူးပုံဖော်ထားတာကို တွေ့ရပါတယ်။
ကျွန်မတို့ လူ့အသိုင်းအဝိုင်းအမြင်မှာ မိန်းမတစ်ယောက် ဆေးလိပ် ၊ အရက်သောက်ရင် ၊ ကိုယ့်စိတ်ကိုယ့်သဘော လွတ်လွတ်လပ်လပ်နေရင် ဒီမိန်းမကို နာမည်အမျိုးမျိုးတပ်ပြီး ဝေဖန်ပြောဆိုကြတာ ယခုထိပါပဲ ။ မိန်းမနဲ့ ဆေးလိပ် ၊ အရက်ကို တွဲမြင်လိုက်ရင်ဖြင့် နှာခေါင်းရှုံ့ချင်စရာလို့ ထင်မြင်တတ်ကြတယ်။ တဖက်မှာလည်း ယင်းကဲ့သို့ ပြုမူနေထိုင်တတ်တဲ့မိန်းမဆို မခေသူလို့ ထင်မြင်တာမျိုးလည်းရှိပါတယ်။ ဒါတွေဟာ အနှစ်နှစ်အလလက ကြီးစိုးအားကောင်းခဲ့တဲ့ ပေတရီအာခီလို့ခေါ်တဲ့ ဖိုဝါဒကြီးစိုးရေးရဲ့ အကျိုးသက်ရောက်မှုတွေလို့ မြင်တယ်။ မိန်းမဆိုရင် သိက္ခာ အိနြေ္ဒနဲ့ပြည့်စုံပြီး သိမ်မွေ့နူးညံ့ လိမ္မာယဉ်ကျေး အလိုက်သိ စသဖြင့် အမျိုးမျိုးသော ချုပ်ထိန်းမှုများနဲ့ နေထိုင်တတ်ဖို့ ကျွန်မတို့ရဲ့ မိဘဘိုးဘေးတွေက ဆုံးမခဲ့ကြတာပါ။ ဒီလိုမနေတဲ့မိန်းမမျိုးကိုဆိုရင်လည်း မိန်းမကောင်းမဟုတ်ဘူးဆိုပြီးတော့လည်း သတ်မှတ်ကြတာမျိုးတွေရှိပါတယ်။
အဓိကပြဿနာကတော့ ကျွန်မတို့ရဲ့ မြန်မာလူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေဟာဆိုရင် ယဉ်ကျေးမှုထိန်းသိမ်းသူတွေအဖြစ် တာဝန်ပေးအပ်ထားခြင်း ခံထားရတယ်။
အဓိကက ကျားကြီးစိုးတဲ့ လူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေဟာအမြဲတမ်း ယဉ်ကျေးမှု၊ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်သူများအဖြစ် ပုံဖော်ခြင်းခံရပြီး အမျိုးသမီးများရဲ့ လူသားဖြစ်မှုကို လျစ်လျူရှုခံနေရပြီး လူ့အဖွဲ့အစည်းမှာ ကျားနဲ့မ ပြစ်မှုခြင်းတူတူကျူးလွန်ကြရင်တောင်မှာ ယောက်ျားတွေကိုပိုခွင့်လွှတ်ပေးတတ်ကြပြီး အမျိုးသမီးတွေကျတော့ အမြဲအပြစ်ပြောခံရတယ်။ ပြီးတော့ မြန်မာ့လူ့အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ မြန်မာအမျိုးသမီးဆိုတဲ့ စံဘောင်သတ်မှတ်ချက်တွေနဲ့ အညီ ပြုမူနေထိုင်ခြင်းမပြုဘူးဆိုရင် အဲအမျိုးသမီးဟာ လူ့အဖွဲ့အစည်းက ပြစ်ဒဏ်ပေးခြင်းကိုခံရတယ်။
ဥပမာ မီဇာတ်ကားမှာဆိုရင်တော့ မီဟာ နောက်ဆုံးတော့ သေသွားရတာပဲ။ မေးခွန်းထုတ်ဖွယ်ရာရှိတာက လူ့လောကကြီးကိုစိတ်ကုန်နေတဲ့အရာခြင်းအတူတူ မီနေရာ အမျိုးသားတစ်ယောက်ဆိုရင်ရော၊ အဲအမျိုးသားဟာ လူ့လောကကြီးကိုစိတ်ကုန်နေလို့ စိတ်ကြိုက်နေထိုင်၊ အမျိုးသမီးတွေတယောက်ပြီးတယောက်နဲ့ တွဲ၊ အရက်သောက်၊ ဆေးလိပ်သောက်ပြတဲ့ ဇာတ်ကောင်ဆိုရင်ရော ဒါမျိုးဇာတ်သိမ်းခန်းမျိုးဆုံရနိုင်သလားဆိုတာပါပဲ။ ဆိုတော့ကာ အမျိုးသမီးတွေအတွက်တရားမျှတမှုဆိုတာဘယ်မှာလဲ။ လူသားအဖြစ်လွတ်လပ်စွာရပ်တည်ခွင့်ဆိုတာကို ယဉ်ကျေးမှု၊ အမျိုး၊ ဘာသာ၊ သာသနာ၊ ဆိုတာတွေနဲ့ ထိန်းချုပ်ထားပြီး သမိုင်းကြောင်းတလျှောက်မှာ အမျိုးသမီးတွေကို ပုံဖော်တာက နှစ်မျိုးပဲရှိတယ်လို့ ယူဆလို့ရပါတယ်။ တစ်ခုကတော့ Angel (သူတော်ကောင်း နတ်သမီး) နဲ့နောက်တစ်ခုကတော့ Whore (အပျက်မ၊ မကောင်းတဲ့မိန်းမ) ပေါ့လေ။ နှစ်ခုထဲကတစ်ခုဖြစ်ရင်ဖြစ်၊ ဒုတိယတစ်ခုဖြစ်ရင်တော့ နောက်ဆုံးမှာ ပြစ်ဒဏ်ပေးခြင်းခံရမယ်ဆိုတာတွေနဲ့ကြီးပြင်းရှင်သန်လာရတဲ့ ကျမတို့ အမျိုးသမီးထု။ ကျမတို့ရည်မှန်းတဲ့ လွတ်လပ်တဲ့၊ မျှတတဲ့ လူ့ဘောင်အဖွဲ့အစည်းကို သွားဖို့ဆိုရင်တော့ လူကိုလူလို့မြင်ဖို့အရေးကြီးပြီး သမိုင်းစဉ်ဆက်တလျှောက်ဖယ်ထုတ်ပလှပ်ခြင်းခံခဲ့ရတဲ့ အမျိုးသမီးတွေရဲ့ အသံတွေ၊ ခံစားချက်တွေ၊ ကိုယ်ပိုင်အတွေ့အကြုံတွေကို ကဏ္ဍအသီးသီးမှာ မျှတစွာ ပုံဖော်ခြင်းခံရဖို့ အရေးကြီးတယ်လို့ သုံးသပ်မိပါတယ်။
စုလေးငုံ