T-zin လို့အများသိတဲ့ အမျိုးသမီး Hip Hopper (သို့) သဇင်ညွှန့်အောင်ကတော့ ၁၉၈၃ ခုနှစ်တွင် ရန်ကုန်မှာ မွေးဖွားခဲ့ပြီး အဖေ ဗမာ ၊ အမေ ရခိုင်အပြင် အကိုတစ်ယောက် မောင်တစ်ယောက်တို့နဲ့အတူ ရန်ကုန်မှာပဲ လက်ရှိနေထိုင်လျှက်ရှိပါတယ်။
ဟစ်ဟော့ဂီတလောက ကို ၂၀၀၀ ကျော်မှာ ကျောင်းတက်နေရင်းနဲ့ စတင်လုပ်ကိုင်ရန်ကြိုးစားခဲ့ပြီး ကိုယ်တိုင်သီချင်းရေးခြင်း၊ သူငယ်ချင်းအဖွဲ့များနဲ့ စတူဒီယိုမှာ ကိုယ်ရေးတဲ့သီချင်းတွေကို အသံသွားသွင်းမှုတွေပြုလုပ်ပြီး သီချင်းတွေစတင်လုပ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ထို့နောက် ၂၀၀၂ ခုနှစ်မှာတစ်ယောက်တည်း လုပ်နေရာမှ အခြားတစ်ယောက်နဲ့တွေ့ပြီး YAK (Yangon Always Kingdom ) အဖွဲ့အနေနှင့်ဆက်သွားဖြစ်ပါတယ်လို့ သူမကဆိုပါတယ်။
“ ၂၀၀၄ ကနေ ၂၀၁၆ လောက်ထိ အဖွဲ့အနေနဲ့ ရပ်တည်ခဲ့တယ်။ နောက်ပိုင်းမှာတော့ Solo တစ်ကိုယ်တော်ပြန်စတင်ခဲ့တယ်။ ဂီတလှုပ်ရှားမှုအနေနဲ့ဆိုရင် Show ပွဲတွေ တော်တော်များများကိုဆိုခဲ့တယ်။ Underground ပွဲတွေရော ပွဲကြီးတွေရောဆိုခဲ့တယ်။ အတွဲခွေအနေနဲ့ ဗိုလ်လုပွဲ ဟစ်ဟော့ခရေစီ ဟစ်ဟော ယူနိုက်တက် ၊ ဂျေးမီ ရဲ့ ဘဝရဲ့နိဗ္ဗာန် စသဖြင့် ငါးခွေလောက်ထွက်ခဲ့တယ် ပြီးတော့ YAK ရဲ့ “ မိန်းမရက်ပ်ရူးတွေ ” အမည်ရ တစ်ကိုယ်တော်ခွေလည်း ထွက်ခဲ့တယ် ” လို့ T-zin က ပြောပြပါတယ်။
ဂီတအမျိုးအစားများစွာရှိသည့်အနက်မှာ ဟစ်ဟော့အမျိုးအစားကို ရွေးချယ်ဖြစ်ခဲ့ပုံနှင့်ပတ်သတ်ပြီး “၅ တန်းလောက်ကတည်းကစာတိုပေစနဲ့ကဗျာတွေ လူမသိအောင်ခိုးရေးရတာဝါသနာပါတယ်။ မြန်မာပြည်မှာ ဟစ်ဟော့စပြီးတော့ အရှိန်အဟုန်စရလာတဲ့အချိန်မှာ အမသဘောကျတာက ရက်ပ်တွေဆိုတာကိုသဘောကျတယ် ကိုယ်ကလည်း ငယ်ငယ်လေးထဲက သီချင်းဆိုတာကို ဝါသနာပါတယ်အဲ့ဒီမှာ ငါလည်း သီချင်းဆိုမယ်ကွာဆိုပြီးဖြစ်တယ်။ ပြီးတော့ ဟစ်ဟော့ကို တဖြေးဖြေးနဲ့ သဘောကျလာတယ်။ ငါလဲ ရက်ပ်ဆိုမည်ဆိုပြီးတော့ ကိုယ့်ဟာကိုယ်သီချင်းရေးဖြစ်တယ်။ ကိုယ်က ကဗျာရေးတဲ့အခံရှိတော့ ကိုယ့်အတွက် အဆင်ပြေတာပေါ့ အဲ့တာနဲ့ စပြီးလုပ်ဖြစ်တာ ” ဟူ၍ ဟစ်ဟော့နဲ့ သူမတွေ့ဆုံခဲ့ပုံကို ရှင်းပြပါတယ်။
၂၀၀၂ ခုနှစ် မှော်ဘီ GTI ကျောင်းတက်နေစဉ်ကာလအတွင်း သူမနဲ့အတူ ကျောင်းတက်တဲ့သူငယ်ချင်းတွေထဲက ဟစ်ဟော့နဲ့ပတ်သတ်ပြီး သီချင်းတွေလုပ်နေသူတွေကို အားကျခဲ့ရာမှတဆင့် သီချင်းတွေရေး ၊ သီချင်းတွေဆိုဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။
လက်ရှိမြန်မာနိုင်ငံတွင်လည်း အမျိုးသမီးဟစ်ဟော့သမားများရှားပါးပြီး လွန်ခဲ့သည့် ၂၀၀၀ ဝန်းကျင်ခေတ်တွင် မိန်းမဟစ်ဟော့သမားတစ်ယောက်ဖြစ်ခြင်းနှင့်ပတ်သတ်၍ ကြုံတွေ့ရသည့်အခက်အခဲများနှင့် ပတ်သတ်၍ မေးမြန်းခဲ့ရာမှာတော့ သူမကအခုလိုပြောပါတယ်။
“ သီချင်းတွေစလုပ်မယ်ဆိုတော့ အဖွဲ့အနေနဲ့လုပ်မယ်ဆိုပြီးစခဲ့တာ ။ အဖွဲ့ထဲကလူဆိုရင်လည်း ယောက်ျားလေးတွေ ဒါပေမယ့်သူတို့က အမကိုမခေါ်ချင်ကြဘူး ။ အဲ့တာနဲ့ ရတယ် နင်တို့မခေါ်လည်းငါတစ်ယောက်ထဲ လုပ်မယ်ဆိုပြီးတော့ လုပ်ခဲ့တယ်။ သီချင်းရေးတယ်။ဆို တယ် သီချင်းသွင်းတယ်။ အမတစ်ယောက်ထဲလုပ်တဲ့အခါမှာလည်း သူငယ်ချင်းယောက်ျားလေးတွေက ကူညီကြတယ်။ စတူဒီယိုလိုက်ပို့တယ်။ အကြံဥာဏ်တွေပေးတယ်။ အဖွဲ့ရယ်ဆိုပြီးဖြစ်သွားတဲ့အချိန်ထိ ပံ့ပိုးမှုတွေတော့လုပ်ပေးတယ်။ ဒါပေမယ့်အကောင်းနဲ့အဆိုးက ဒွန်တွဲနေတာ ။ မိန်းကလေးအဖွဲ့မို့ အထင်မကြီးတာတွေ ၊ အမတို့အဖွဲ့ရဲ့ပုံစံကိုမကြိုက်တာမျိုးတွေ အမတို့ မိန်းကလေးအဖွဲ့က သူတို့ကြိုက်တဲ့ပုံစံမဟုတ်ပဲ ကြမ်းကြမ်းတမ်းတမ်းပုံစံလို့ သူတို့စိတ်ထဲမှာမြင်တယ်။ အဲ့ဒီတော့ အမတို့ကို ကြည့်မယ့်အစား ယောက်ျားလေးအဖွဲ့ပဲကြည့်မှာပေါ့ တို့ ပြောသံတွေပြန်ကြားရတယ်။ တခါတလေ ကိုယ်က သူများရေးတဲ့သီချင်းကို ယူဆိုမိတာရှိတယ် အဲ့ဒီအခါကျရင် ပိုဆိုးတယ်။ ” လို့ T-zin က သူမရဲ့အတွေ့အကြုံတွေကို ပြောပြပါတယ်။
ထို့ပြင် “ ဟစ်ဟောက ကိုယ်ရေးတဲ့သီချင်းကို ကိုယ်ဆိုရမယ် သတ်မှတ်ချက်တစ်ခုမဟုတ်ပေမယ့် ဟစ်ဟော့က ကိုယ့်ရဲ့ခံစားချက်တွေကို မခံချင်စိတ်တွေ ပေါက်ကွဲထွက်လာတာမျိုး ။ အမဆိုရင် အမရဲ့ခံစားချက်တွေကို ကိုယ်တိုင်ရေးပြီးတော့ ဖော်ထုတ်တာမျိုး ။ ဒါကဟစ်ဟော့မှာလက်ခံထားတာမျိုး။ ဒါကိုသူများရေးပေးတာဆိုတယ်ဆိုရင် တချို့တွေက အထင်မကြီးဘူးပေါ့။ ” လို့ သူမရဲ့အတွေ့အကြုံများကတစ်ဆင့် ရှင်းပြပါတယ်။
၂၀၀၃- ၂၀၀၄ ခုနှစ်များတွင် T-zin တို့လို လုံးဝဟစ်ဟော့စစ်စစ်ကိုဆိုသည့် အမျိုးသမီးဟစ်ဟော့အဖွဲ့တွေရှိခဲ့ပြီး ဥပမာအားဖြင့် Debeez (စန္ဒီမြင့်လွင်နဲ့ ပြည့်ဖူးခိုင်) နှင့် နောက်ပိုင်းတွင် Pop Rap ပုံစံမျိုးတွေဆိုသည့် NO အဖွဲ့တို့လိုမျိုးအဖွဲ့တွေလည်း ပေါ်လာတယ်လို့ T-zin က ပြောပါတယ်။
သူမအနေနဲ့ ဟစ်ဟော့လောကမှာ လေးစားအားကျရတဲ့သူတွေဆိုရင် ပထမဆုံးက ACID အဖွဲ့ဖြစ်ပြီး မြန်မာဟစ်ဟော့လောကအတွက် မျိုးစေ့ချပေးခဲ့သူတွေဖြစ်တယ်လို့လဲ ဆိုပါတယ်။ ၂၀၀၀ ခုနှစ်ဝန်းကျင်က လူငယ်တိုင်း ACID အဖွဲ့ရဲ့ပုံစံတွေကို အားကျခဲ့ရပြီး သူမအနေနဲ့တော့ ရက်ပ်စာသားအမိုက်စား ရေးနိုင်ဆိုနိုင်သူအားလုံးကို သဘောကျ အားကျတယ်လို့ ဆိုလာပါတယ်။
T-zin ဆိုပြီး ဟစ်ဟော့လောကကိုဝင်ရောက်၍ ပထမဆုံးရေးသားသီဆိုခဲ့သည့်သီချင်းကိုမေးမြန်းခဲ့ရာ သူမအနေဖြင့် ရက်ပ်ပါဘဝကို ခံယူပြီး စရေးထဲက ယောက်ျားမကောင်းကြောင်းကို စရေးခဲ့တာပါလို့ ရယ်မောပြောဆိုပါတယ်။
“ အဲ့ဒီအချိန်မှာ ဖြစ်တဲ့ခံစားချက်က အချစ်ရေးအဆင်မပြေဘူး ။ ချုပ်ချယ်တာတွေဘာတွေ အချိုးမပြေတာတွေ အဲ့တာတွေသီချင်းထဲထည့်ရေးတယ်။ ပြီးတော့ကိုယ့်ဘေးကသူငယ်ချင်းတွေရဲ့ ပြတ်သွားတဲ့ကောင်လေးတွေအကြောင်း ၊ အသဲကွဲခဲ့တဲ့အကြောင်းတွေကို ရေးသားခဲ့တယ်လို့ သူမကဆိုပါတယ်။
“ “ ချစ်ချစ်ချစ် ချစ်ခဲ့ပြီးမှ အပြစ်မြင်တတ်တဲ့ယောက်ျားတွေအကြောင်း ၊
ပြစ်ပြစ်ပြစ် ပြစ်သွားအုံးမယ် ကြာလာရင် နောက်တစ်ယောက်ကိုပြောင်း ” အဲ့လိုမျိုးလေးတွေ အမတို့ဆိုခဲ့တယ် ။ သီချင်းနာမည်က ပြုပြင်လိုက်ပါ။ နောက်ကျတော့လည်း အချစ်သီချင်းတွေဆက်လုပ်ဖြစ်တယ် လို့ ပြုပြင်လိုက်ပါ သီချင်းတွင်ပါသည့် စာသားတစ်ချို့ကို ရွတ်ပြရင်း သူမရဲ့ဟစ်ဟော့လောကထဲကိုရောက်ရောက်ချင်းပထမဆုံးစလုပ်ဖြစ်တဲ့သီချင်းအကြောင်း ပြောပြပါတယ်။
၂၀၁၆ ခုနှစ်နောက်ပိုင်း တစ်ကိုယ်တော်ဖြစ်သွားတဲ့အချိန်မှာလည်း ပထမဆုံး “ တောက်ချပလိုက်မယ် ” ကိုစရေးဖြစ်ခဲ့ပြီး ယင်းသီချင်းသည် ဟစ်ဟော့လောကထဲမှာ ဖြတ်သန်းခဲ့တဲ့ကာလအတွင်း တွေ့ကြုံခဲ့ရတဲ့ ခံစားချက်တွေကို ရေးသားထားတယ်လို့ သူမကဆိုပါတယ်။
နောက်ထပ် “ နေခြောက်ထောင် ” ၊ “ ဘုတ်တယ်နော် ” နှင့် “ လွတ်လပ်သောငှက် – Free Bird ” စတဲ့သီချင်းတွေကို ဆက်လုပ်ဖြစ်ခဲ့ပြီး “ ဘုတ်တယ်နော်” နှင့် “ လွတ်လပ်သောငှက် – Free Bird ” တို့က Music Video များထွက်ထားပြီး အခြားသောသီချင်းများလည်းထပ်မံထွက်ရှိဖို့ ရှိတယ်လို့ ဆိုပါတယ်။
တစ်ကိုယ်တော်အယ်ဘမ်သစ်ထွက်ရှိဖို့ကိုတော့ လက်ရှိမှာ ကြိုးစားနေပြီး ပရိတ်သတ်ကိုမတူညီသော သီချင်းအမျိုးအစားနှင့် အကြောင်းအရာများ ပြင်ဆင်ဖန်တီးချပြနိုင်ရန် ကြိုးစားနေပြီး ယခုနှစ်ဒီဇင်ဘာလအတွင်း အယ်ဘမ်ထွက်နိုင်မယ်လို့ မျှော်လင့်ထားတယ်လို့ သူမကဆိုပါတယ်။
T-zin က သူမအနေဖြင့် မည်သည့်ဂီတအမျိုးအစားကိုမဆို နားထောင်လေ့ရှိပြီး ဟစ်ဟော့ဂီတအမျိုးအစား ကိုတော့ နောက်ဆုံးမှာနားထောင်လေ့ရှိတယ်လို့ ဆိုပါတယ်။
“ အမအရမ်းစိတ်ညစ်နေပြီ၊ အသဲကွဲနေတာပဲဖြစ်ဖြစ် ဟစ်ဟော့သီချင်းတွေနားထောင်တယ်။ အမလုံးဝစိတ်ဓာတ်မကျတော့ဘူး။ ဒါကအမရဲ့ခံစားချက်ပေါ့။ အဲ့ဒီလိုအချိန်တွေမှာ ဟစ်ဟော့သီချင်းတွေနားထောင်တယ် ။ အဲ့ဒီ စီးချက်(Beat) မှာလိုက်မျောလိုက်တယ်။ စိတ်ဓာတ်က ပြန်ပြန်တက်လာတယ်။ အဲ့တာကလည်း အမအတွက် အားဆေးတစ်ခုပဲ ။ ” ဟု သူမက ဆိုပြန်ပါတယ်။
၎င်းအပြင် ဟစ်ဟော့အပေါ်ရူးသွပ်မှုအနေဖြင့် အခုနောက်ပိုင်းတွင် မြင်မြင်သမျှကို ကာရံစပ်ချင်စိတ်ဖြစ်ပေါ်ပြီး သီချင်းတစ်ပုဒ်လုံးစာမဟုတ်သော်လည်း ကာရံအတိုအစလေးတွေ ရေးစပ်ထားလေ့ရှိပြီး ဖုန်းထဲတွင်သာမက စာအုပ်တွင်ပါ ချရေးထားလေ့ရှိပြီး နေ့တိုင်းသီချင်းတစ်ခွေ ပုံမှန်နားထောင်ဖြစ်တယ်လို့ သူမကပြောပြပါတယ်။
ယခင်ခေတ်နဲ့ လက်ရှိဟစ်ဟော့လောက ကွဲခြားမှုအနေနဲ့ အရင်ခေတ်က ကျောင်းသားဘဝကနေစတင်ပြီး သီချင်းတီးဖို့၊ စတူဒီယိုသွားနိုင်ဖို့ရာ အခက်ခဲရှိခဲ့ပြီး ယခုခေတ်တွင်မူ စတူဒီယိုများလာသည့်အပြင် သီချင်းတီးသူလည်း ပိုမိုများပြားလာတယ်လို့ သူမကဆိုပါတယ်။ သို့ပေမယ့် ယခုခေတ် ဟစ်ဟော့သမားတွေအတွက် အခွင့်အရေးပိုများသော်လည်း သီချင်းဖန်တီးရာတွင် တချို့သီချင်းများတွင် အနှစ်သာရပျောက်ဆုံးနေတယ်လို့ သူမရဲ့အမြင်ကို ပြောပါတယ်။
T-zin ရဲ့ နောက်ထပ်အသက်မွေးဝမ်းကြောင်းအလုပ်က အသံဖမ်းအင်ဂျင်နီယာလုပ်ခဲ့ပြီး လက်ရှိမှာတော့ စတူဒီယိုနားထားချိန်မှာတော့ sound design ပိုင်းကို လုပ်ကိုင်နေပြီး အနာဂတ်မှာတော့ Foley ( ရုပ်ရှင်အသံထပ်ခြင်း) အနုပညာရှင်ဖြစ်ချင်တယ်လို့ သူမကဆိုပါတယ်။
အမျိုးသမီးဟစ်ဟော့သမားတစ်ယောက်ဖြစ်ခြင်းနှင့် Female Foley artist တစ်ယောက်ဖြစ်ခြင်းကြောင့် ရုန်းကန်ရမှုများနဲ့ပတ်သတ်၍လည်း အမျိုးသမီးဖြစ်ခြင်းအပေါ်မူတည်ပြီး အထင်သေးခြင်းများ ကြုံတွေ့ခဲ့ရပြီး အခက်အခဲများလည်း ရှိတယ်လို့ T-zin က ပြောပါတယ်။
“ Foley လုပ်တဲ့အချိန်မှာလည်း တချို့တွေက အထင်မကြီးကြဘူး။ သူ့ကိုအပ်လို့ဖြစ်ပါ့မလား ။ သူက လုပ်နိုင်ပါ့မလား ဆိုတာမျိုးတွေ ထင်ကြတယ်။ ” “ အသံဖမ်းတာနဲ့ပတ်သတ်ပြီးသင်တန်းတွေဘာတွေ တက်ရင်လည်း တကယ့်ကို ကူညီတဲ့သူတွေရှိသလို တချို့ နင်လုပ်တာလောက်က ငါတို့လည်းလုပ်နိုင်ပါတယ်ကွာဆိုတဲ့ပုံစံမျိုးနဲ့ နှိမ်တဲ့ယောက်ျားတွေလည်းရှိတယ်။ ” လို့ သူမက အတွေ့အကြုံတွေကို ပြောပြပါတယ်။
အသံဖမ်းမှုတွေပြုလုပ်ရာမှာလည်း အမျိုးသားများနှင့် တန်းတူလုပ်ဆောင်ရပြီး အမျိုးသားအဖွဲ့များနဲ့ အတူတူ အသံဖမ်းမှုများပြုလုပ်ရလေ့ရှိပြီး ယင်းအချိန်တွင် မိန်းမဖြစ်ခြင်းအပေါ် ခွဲခြားဆက်ဆံခံရမှုများနှင့် ကြုံတွေ့ရလေ့ရှိကြောင်း သူမကဆိုပါတယ်။
“ အမအသံဖမ်းရင် ယောက်ျားတွေ အများကြီးနဲ့အလုပ်လုပ်ရတယ်။ တချို့ဆိုအဖွဲ့လိုက်လာတာတွေ များတယ်။ control ခန်းထဲမှာဆိုတော့ ခုံတွေမထားတာများတယ်။ တချို့ဆိုလည်းအေးဆေးပဲ ။ တချို့ ကျတော့မထိုင်ဘူး။ မတ်တပ်ရပ်နေတယ်။ ဒီလူတစ်ယောက်ကမထိုင်ပဲ တချိန်လုံးဘာလို့ မတ်တပ်ရပ် နေသလဲဆိုရင် နောက်မှ ကိုယ်ကမိန်းမ၊ အသံထိုင်ဖမ်းနေတယ် ။ သူက ကြမ်းပြင်မှာ မထိုင်ချင်ဘူး။ အဲ့လိုခွဲခြားတာ။ တချို့ကျတော့လည်း မိန်းကလေးအသံဖမ်းလို့ မလာချင်တာလို့ ပြောတယ် ” လို့ သူမရဲ့ ခွဲခြားဆက်ဆံခံရမှုများနဲ့ပတ်သတ်ပြီး ပြောပြပါတယ်။
T-zin အနေနဲ့ “ နောက်ပိုင်းမှာတော့ အယ်ဘမ်ထွက်ဖို့ရှိမယ် ။ music videos တွေထွက်ဖို့ရှိမယ် ။ အမလုပ်ချင်တဲ့ အနုပညာရှင်နဲ့ သီချင်းတွေ တွဲလုပ်ဖို့ရှိမယ်။ အမဖြစ်ချင်တဲ့ Foley Artistကို အခုထက်ပိုပြီး ထူးချွန်အောင် ကြိုးစားရမယ့်ဟာတွေ အများကြီးရှိတယ်။ ဒါကအစပဲရှိသေးတယ် ဒီထက်ပိုကျွမ်းကျင်အောင် Professional ကျအောင်ကြိုးစားသွားဖို့ရှိတယ်။ ဟစ်ဟော့အနေနဲ့ကတော့ အမက သေတဲ့အထိလုပ်သွားမှာပဲ ။ သီချင်းတွေ ရေးချင်းလည်း ရေးနေမှာပဲ ဆိုချင်လည်းဆိုနေမှာပဲ ။ တဖက်က အမရဲ့ အသက်မွေးဝမ်းကြောင်းအတွက်လည် အရည်အချင်းပြည့်ဝအောင် ကြိုးစားရမှာပေါ့ ” လို့ T-zin က ရှေ့ဆက်သူမလုပ်ဆောင်မည့် အရာများနဲ့ ပတ်သတ်ပြီး ပြောပြပါတယ်။
စုလေးငုံ မေးမြန်းရေးသားသည်။
ဓာတ်ပုံ – စုလေးငုံ