ဒီလအတွက်ရုပ်ရှင်ဇာတ်လမ်းကိုဖီးမေးနစ်ရှုထောင့်မှသုံးသပ်သော ဆောင်းပါးအတွက် ငွေသော်တာရုပ်ရှင်ထုတ်လုပ်ရေးက ရုံတင်ပြသနေသည့် ဒါရိုက်တာဝိုင်း(own creation)ရဲ့ ရွှေကြာဆိုတဲ့ရုပ်ရှင်ကားကြီးကိုရွေးချယ်ထားပါတယ်။ ထိုဇာတ်ကားကြီးကို ရန်ကုန်မြို့နှင့် မြန်မာတစ်နိုင်ငံလုံးရှိ အခြားသောမြို့ကြီးများမှာ မတ်လ ၁၆ရက်ထဲက စတင်ပြသနေပြီဖြစ်ပါတယ်။
Photo Credit: ရွှေကြာ Official facebook page
ဇာတ်လမ်းအကျဉ်း
————————
ဒီဇာတ်ကားကတော့ ငယ်ဘဝကြီးမားတဲ့စိတ်ဒဏ်ရာတွေနဲ့ ဘဝပေးအခြေအနေဆိုးရွားမှုတွေကြောင့် လိင်အလုပ်သမဖြစ်လာတဲ့ ရွှေကြာဆိုတဲ့ အမျိုးသမီးတစ်ဦးအကြောင်းကို အဓိကထားပြသထားခြင်းဖြစ်ပြီး လိင်အလုပ်သမဖြစ်ခြင်းကြောင်း ဥပဒေကြောင်းအရအပြင် အခြားသောအကြောင်းအရာအမျိုးမျိုးဖြင့် ခွဲခြားဆက်ဆံခံရပုံတို့ကို ပြသထားပြီး လိင်အလုပ်သမများကို နှိမ်ချဆက်ဆံခြင်းမပြုလုပ်ရန် နှင့် သူတို့ကိုအကာကွယ်ပေးနိုင်မယ့်ဥပဒေပေါ်လာဖို့ တွန်းအားပေးတဲ့သဘောနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ပညာပေးဇာတ်ကား ဆန်ဆန်အဖြစ်ရည်ရွယ်တယ်လို့ ထင်မြင်မိပါတယ်။
ဇာတ်ကောင်များ
——————-
ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင်အနေ လိင်အလုပ်သမ ရွှေကြာအဖြစ် ဖွေးဖွေး ၊ ငယ်စဉ်ကထဲက ရုပ်ရှင်ရိုက်ကူးခြင်းကို ဝါသနာပါပြီး အရွယ်ရောက်စဉ်မှာ နေ့စဉ်ဘဝတွေထဲက လူတွေအကြောင်းကို မှတ်တမ်းရုပ်ရှင်အဖြစ်ရိုက်ကူးသူအဖြစ် သတိုးသိုက်အဖြစ် အလင်းရောင် နှင့် စီဒိုးနားဟိုတယ်ရှိ စီးပွားရေးလုပ်ငန်းတစ်ခုတွင် အလုပ်လုပ်ကိုင်ပြီး ငယ်စဉ်စိတ်ဒဏ်ရာများကြောင့် ပြည့်တန်ဆာများကို ရွံရှာသူတစ်ဦးအနေဖြင့် စံထားညိုအဖြစ် သင်ဇာဝင့်ကျော်တို့က အဓိကသရုပ်ဆောင်ထားပြီး အခြားသောအနုပညာရှင်များကလည်း ပံ့ပိုးထားကြပါတယ်။
ဇာတ်ကားအပေါ်ဆန်းစစ်ချက် အမြင်
——————————————-
ရွှေကြာသည် ရန်ကုန်မြို့ရဲ့အထင်ကရဟိုတယ်တစ်ခုဖြစ်တဲ့ စီဒီုးနာဟိုတယ်ရှိ ကလပ်တွင်ကျက်စားသည့်သူတစ်ဦးဖြစ်ပါတယ်။ ဇာတ်လမ်းအရ တစ်ညလျှင် ဒေါ်လာတစ်ရာ(မြန်မာငွေ- ၁၃၅၀၀၀ကျပ်) ရရှိပါတယ်။ သို့သော်သူမနေထိုင်ရာအိမ်ကတော့ ရန်ကုန်တစ်ဖက်ကမ်း ဒလ ဟုယူဆရသောနေရာရှိ ကျူးကျော်တဲတွင်ဖြစ်နေသည်တို့မှာ လက်တွေ့နဲ့ကွဲလွဲမှုများမှ တစ်ချက်ဖြစ်ပါတယ်။
ထို့ပြင် ရွှေကြာသည် ငယ်ဘဝစိတ်ဒဏ်ရာများနဲ့ အချိန်တိုင်း ဘဝကိုဖြတ်သန်းနေသူတစ်ဦးလို့ ယူဆရပါတယ်။ မိဘစီးပွားရေးမကောင်းမှုကြောင့် အဒေါ်ဖြစ်သူမှတစ်ဆင့် အိမ်ဖော်အဖြစ်လုပ်ကိုင်ခဲ့ရပြီး နှိပ်စက်မှုအမျိုးမျိုးကို ခံစားခဲ့ရတယ်။ ယင်းနှိပ်စက်မှုများကို မခံနိုင်၍ထွက်ပြေးသော်လည်း အဒေါ်ဖြစ်သူကြောင့်ပင် ကလေးလိင်သမဘဝသို့ ရောက်ရှိခဲ့လို့ပြထားရာ မြန်မာဇာတ်ကားများ၏သဘောသဘာဝအတိုင်း ဇာတ်ကောင်ကို အလွန်ဇာတ်နာ၊ ဘဝနာထားသည်ဟု ယူဆရပါတယ်။ ရွှေကြာသည် ငယ်ဘဝစိတ်ဒဏ်ရာများကို အချိန်တိုင်း တွေးတောခံစား၊နာကျင်နေသူ နောက်ဆုံး လိင်ဆက်ဆံချိန်တွင်ပင် သူမ၏ငယ်ဘဝဇာတ်ကြောင်းကို တွေးတောနေသည်မှာ ကြည့်ရသူပင် ပူလောင်မွန်းကျပ်ရပါသည်။
ဇာတ်ဝင်ခန်းတစ်ခုတွင် ကလပ်တွင် ဖြူဖြူကျော်သိန်းကသီချင်းဆိုစဉ် ရွှေကြာကလူအုပ်ကြားထဲတွင် ဝင်ကရာ လူများက သူမနားကရှောင်ခွာသွားကြပြီး သီချင်းဆုံးသော် ကလပ်မန်နေဂျာက သူမကိုထိုနေရာတွင်မကရန်လာရောက်တားမြစ်ရာ “ ကျွန်မလည်း လူပဲ ။ ခံစားတတ်တယ်။ ပျော်ပါးတတ်တယ်။ ကြေကွဲတတ်တယ်။ ထွက်ပေါက်ရှာချင်တယ်။ အဲ့တာကြောင့်ကတယ် ဘာဖြစ်လဲ ” ဟု ပြန်လည်ပြောဆိုခဲ့သည်။ ရုပ်ရှင်တစ်ကားလုံးတွင်လည်း “ ဖာ” ဟူသည့် စကားလုံးကို အထပ်ထပ်အခါခါ တွင်တွင်ပြော၍သော်လည်းကောင်း၊ “ လူလူချင်း ၊ယုတ်ညံ့တယ်၊ အော်ဂလီဆန်၊ရွံ့စရာကောင်းတယ် ” “လူလူချင်းပဲ၊ ပြည့်တန်ဆာလည်းလူပဲ ” စသည့် စကားများကို သုံးစွဲခြင်းဖြင့် လိင်အလုပ်သမတစ်ယောက်ဖြစ်ခြင်းသည် အောက်တန်းကျသည့်ဘဝ၊ အနှိမ်ခံဘဝနှင့်သာ လူဖြစ်ရှုံးကာ ရှင်သန်နေရကြောင်း ရုပ်ရှင်တစ်ကားလုံးတွင် ပြသထားပါတယ်။
ထိုသို့သော ပြကွက်များသည် လူတစ်ယောက်ရဲ့မဖြူစင်ခြင်းကို မည်ကဲ့သို့ ဆုံးဖြတ်ကြမည်နည်း နှင့် လူတစ်ယောက်၏ အသက်မွေးဝမ်းကျောင်းမှု ကို မည်ကဲ့သို့ သတ်မှတ်ကြသည်ကိုပင် မေးခွန်းထုတ်စရာဖြစ်ရပါတယ်။
အမျိုးသမီးနဲံကလေးငယ်တွေကို ဘယ်လိုပုံဖော်ထားလဲ
အလားတူပင် အမျိုးသမီးနှင့် ကလေးငယ်တွေကို အားအင်မရှိသူများအဖြစ်ပုံဖော်ထားမှုများလည်း တွေ့ရပါတယ်။ လူသားချင်းစာနာထောက်ထားလွန်းသူ မှတ်တမ်းရုပ်ရှင်ဒါရိုက်တာက ရွာတစ်ရွာတွင် ရုပ်ရှင်ရိုက်ကူးပြီးအပြန် လမ်းဘေးတွင် ဆေ့ကစားနေသောကလေးငယ်များကို လူသားချင်းစာနာထောက်ထားမှုဖြင့် ၎င်းကကားပေါ်မှနေ၍ ပိုက်ဆံများကို ပစ်ချပေးခြင်းဖြင့် သူရဲ့လူသားချင်းစာနာမှုကို ပြသသွားတာက လူသားချင်းစာနာထောက်ထားမှုဆိုတာ ကားပေါ်က ပိုက်ဆံပစ်ချတာကိုပြောတာလား ဆိုတာကိုမေးခွန်းထုတ်မိတယ်။ ကလေးတွေကို စကားပြောတာ အားပေးတာမျိုးရော ပြသလို့ မရဘူးလားလို့လဲ တဆက်ထဲတွေးမိပါတယ်။
ခွဲခြားဆက်ဆံပုံတွေကို ဘယ်လိုပြသလဲ
————————————————
မင်းသားရဲ့ချစ်သူဆိုသည်မှာလည်း ဆီဒိုးနားဟိုတယ်တွင် အလုပ်လုပ်ကိုင်နေသည့် ပညာတတ်အမျိုးသမီးတစ်ဦးဖြစ်သော်လည်း ပြည့်တန်ဆာများကို အလွန်ရွံရှာသူအဖြစ် သရုပ်ဆောင်ထားပါတယ်။ တစ်ည ၎င်းညဘက်အိမ်ပြန်ချိန်တက္ကစီဌားရာ ရွှေကြာစီးလာသည့်ကားကို ဌားမိသဖြင့် ရွံရှာကာ ထိုင်ခုံကို တစ်ရှူးဖြင့် သုတ်ပစ်ခြင်း၊ ပြည့်တန်ဆာတစ်ဦးနှင့် အတူတူစားသောက်ရသဖြင့် ရွံရှာကာ သန့်စင်ခန်းတွင် အော့အန်ရသည်ဖြစ်ရသည်အထိ ပြည့်တန်ဆာများအပေါ် ခွဲခြားဆက်ဆံမှုပြသထားသည်ကို တွေ့ရပါတယ်။ ဇာတ်လမ်းသဘောအရ ထိုအမျိုးသမီးသည် ကလေးဘဝကပင် လိင်အလုပ်သမများကို ငယ်စဉ်ကပင် စက်ဆုပ်ရွံရှာသည့် စိတ်ဒဏ်ရာရှိသည်ဟု သိရပါတယ်။ ထိုစိတ်ဒဏ်ရာကိုလဲ ပီပြင်စွာပုံဖော်နိုင်ခြင်းမရှိပါ။
ထို့ပြင် ဇာတ်ကားထဲမှ ပြည့်တန်ဆာအမျိုးသမီးဖြစ်သူ ရွှေကြာသည် ပြည့်တန်ဆာဖြစ်ရခြင်းသည် ဘဝသေးသိမ်နိမ့်ကျသဖွယ်၊ ပြည့်တန်ဆာဘဝသို့ ရောက်ရှိသွားပါက မရုန်းထွက်နိုင်ပဲ ထိုဘဝထဲတွင် ပျော်မွေ့နေသွားကာ ဘဝတစ်လျှောက်လုံး အထင်သေး အမြင်သေး စက်ဆုပ်မှုများနှင့်သာ နေထိုင်သွားရမည့်ပုံစံမျိုး ပုံဖော်ထားပါတယ်။ ဒါကလဲ ပြည့်တန်ဆာများအပေါ် ခွဲခြားဆက်ဆံမှု ကို ပပျောက်စေချင်သော ရည်၇ွယ်ချက်မျိုး ထိုဇာတ်ကားတွင်ရှိပါက ရည်ရွယ်ချက်နှု့်လွှဲတယ်လို့ ဆိုနိုင်ပါတယ်။
ရုပ်ရှင်ကြည့်နေချိန်မှာလည်း လူတွေရဲ့ အမျိုးမျိုးသော ခွဲခြားဆက်ဆံမှုများကို တွေ့မြင်ခဲ့ရပါသေးတယ်။ ဇာတ်ကားထဲရှိ ဇာတ်ဝင်ခန်းတစ်ခုတွင် ညဘက် အင်းလျားကန်ဘောင်တွင် လိင်အလုပ်သမများကို ရဲများကလိုက်လံဖမ်းဆီးသဖြင့် ၎င်းတို့ထွက်ပြေးကြသည့်အခါ ရုပ်ရှင်ကြည့်နေသူများက ရယ်မောကြပါတယ်။
အလားတူ ရွှေကြာသည် စာကောင်းကောင်းမဖတ်တတ်သည်ကို တစ်ချို့သောဇာတ်ဝင်ခန်းများအရ သိရပြီး ဇာတ်ဝင်ခန်းတစ်ခုတွင် စာမဖတ်တတ်သည့် ဖွေးဖွေးစာဖတ်စဉ် အထစ်ထစ်ငေါ့ငေါ့ဖြစ်နေသည်ကို လူအများကရယ်ကြပါတယ်။ စာမဖတ်တတ်သည့် လူတစ်ယောက်ကို ဘာကြောင့်ရယ်မောကြသလဲ ၊ စာမတတ်ခြင်းက ရယ်စရာလားဟု မေးခွန်းထုတ်ရမလိုဖြစ်နေပါ၏။ လိင်အလုပ်သမများက ၎င်းတို့အချင်းချင်း ဗန်းစကားများဖြင့် စကားပြောဆိုနေစဉ်တွင်လည်း လူအများက ဟာသသဖွယ်ရယ်မောကြသည်ကိုလည်း တွေ့ခဲ့ရပါတယ်။ ကျွန်မတို့ လူ့အဖွဲ့အစည်းကရော ပြည့်တန်ဆာများကို ရယ်မောစရာဟာသတစ်ခုကဲ့သို့ တွေးထင်နေကြသလား ကျွန်မမေးခွန်းထုတ်မိပါတယ်။
ဇာတ်ကားမှကောင်းမွန်စွာပြသသွားနိုင်သောအရာများ
______________________________________________
ဇာတ်ကားတစ်ကားလုံးတွင် လွဲမှားသောအဓိပ္ပာယ်များနှင့် အသိပညာပေးမှုများရှိသော်လည်း ပြည့်တန်ဆာများ၏ ဘဝကို ထင်ဟပ်ပြနေသောအကြောင်းအရာများလည်း ပါဝင်နေသည်ကို တွေ့ရှိရပါတယ်။ ဤဇာတ်ကားတွင် ပြည့်တန်ဆာများ၏ အကာကွယ်မဲ့မှုများ၊ ပြည့်တန်ဆာဖြစ်မှုကိုအကြောင်းပြု၍ တာဝန်ရှိသူများနှင့် ဖောက်သည် များ၏ အကြမ်းဖက်ခံရမှုများ နှင့် ၎င်းတို့၏အခက်အခဲများကို ထင်သာမြင်သာရှိအောင် ပြသနိုင်ခဲ့သည်ကို တွေ့ရပါတယ်။ ပြည့်တန်ဆာအမျိုးသမီးများ အကြမ်းဖက်ခံရပါက ကာကွယ်ပေးမည့်သူမရှိခြင်း၊ တာဝန်ရှိရဲအရာရှိများကို ရဲကြေးပေး၍လုပ်စားနိုင်သော်လည်း အမှုလိုအပ်ပါက ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်ကာ ပြည့်တန်ဆာအဖြစ် ပြန်လည်လုပ်ကိုင်ရပုံစသဖြင့် ပြည့်တန်ဆာဖြစ်ခြင်းကို အကြောင်းပြု၍ အကြမ်းဖက်မှုခံရခြင်းကို ပြသနိုင်ခဲ့သည်ကိုတော့ အားရမိပါတယ်။
နိဂုံး
—-
ရွှေကြာရုပ်ရှင်ကားတစ်ခုလုံးတွင် ဇာတ်ညွှန်းရေးသူ၏ ရည်ရွယ်ချက်များကို တစ်ချို့အချိန်များတွင် တွေ့မြင်ရသော်လည်း တကားလုံးကိုခြုံငုံကြည့်သော် ခွဲခြားဆက်ဆံခြင်းကိုပိုမိုအားပေးရန် တိုက်တွန်းသည့်သဘောများ၊ ပိုမိုနှိမ့်ချပြောဆိုထားသည်များကို တွေ့မြင်ရပါသည်။ ရွှေကြာကိုကြည့်ခြင်းဖြင့် မြန်မာနိုင်ငံရှိ ပြည့်တန်ဆာများသည် အတူတူပဲလားဟူ၍လည်း မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ ခွဲခြားဆက်ဆံမှု၊ အထင်သေးခြင်းနှင့် သနားမှုတို့သည် တချို့သောအချိန်များတွင် တိုက်ရိုက်အချိုးကျလေ့ ရှိပါသည်။ တချို့သောအချိန်များတွင် မိမိထက်နိမ့်ပါးသူများကို သနားစရာဟူသည့် ခေါင်းစဉ်ဖြင့် ခွဲခြားဆက်ဆံမှုများလည်း ပြုလုပ်တတ်လေ့ရှိပါသည်။ ယခုရွှေကြာသည်လည်း ပြည့်တန်ဆာများ၏ဘဝကို စာနာနားလည်ပေးရန် ရုပ်ရှင်တစ်ကားလုံးမှာတော့ ကျွန်မတို့ရဲ့ ပုံမှန် လူ့သဘောသဘာဝတွေနဲ့ဆန့်ကျင်နေတဲ့ အတွေးအခေါ်အယူအဆတွေနဲ့ ယခင်အဆက်ဆက်က ရိုက်ကူးခဲ့သည့်အတိုင်း ပြည့်တန်ဆာများကို ယခင်ပုံရိပ်များအတိုင်း နှိမ့်ချသည့်သဘောဖြင့် ပုံဖော်ထားသည်များကို ဇာတ်ကားတစ်ခုလုံးတွင် တော်တော်များများကို တွေ့မြင်ရပါတယ်။
ရုပ်ရှင်တွင်သာမကပဲ ရုပ်ရှင်ဇာတ်ကားကြေငြာပိုစတာတွင် ရွှေကြာသည် အိပ်ရာပေါ်တွင် လဲလျောင်းနေပြီး ယင်းဘေးတွင် ၎င်း၏ဘရာစီယာကိုချထားသည့် ပုံကို ဇာတ်ကား၏ ကြေငြာပုံရိပ်အဖြစ် ပြသထားတယ်။ အလားတူပင် ရွှေကြာပြသနေသည့်ရုပ်ရှင်ရုံများ၏ ရှေ့တွင်လည်း ယင်းပုံကို ထင်သာမြင်သာရှိသော ရုပ်ပုံဖြင့် ပြသထားသည်မှာ ၎င်းသည်ဇာတ်ကားရဲ့ဆိုလိုရင်းနှင့်အပ်စပ်မှုမရှိပဲ ပြည့်တန်ဆာများသည် အားနည်းသူများ၊သနားစရာပုံရိပ်အဖြစ် ပုံဖော်ထားခြင်းဖြင့် ရွှေကြာသည် ပိုမိုသနားစရာ၊ အားနည်းသူအဖြစ်သာ အဓိပ္ပါယ်သက်ရောက်စေပါတယ်။ ဇာတ်ကား၏အဆုံးသတ်တွင် စာတန်းထိုးသွားသည့်အခန်းတွင် “ ပြည့်တန်ဆာလေးတွေဟာ ငယ်စဉ်က ဖြူစင်တဲ့ကလေးငယ်လေးတွေ ဖြစ်ခဲ့ကြပါတယ် ” ဆိုသည့်စာသားသည် ဖြူစင်ခြင်းဆိုတာဘာလဲ။ ဖြူစင်ခြင်းမဖြူစင်ခြင်းကို ဘာနဲ့ ဘယ်လိုဆုံးဖြတ်ကြမည်နည်းဆိုသည်ကို မေးခွန်းထုတ်စရာပင် ဖြစ်ရပါတော့တယ်။
ရုပ်ရှင်၊သီချင်းများနှင့် စာပေယဉ်ကျေးမှုများသည် လူသားတို့၏ စိတ်ကိုပြုပြင်ပြောင်းလဲပေးနိုင်သော အစွမ်းသတ္တိများရှိပါသည်။ ရုပ်ရှင်တိုင်းက အသိပညာဗဟုသုတချည်းသာပေးရမည်မဟုတ်သော်လည်း တချို့သောရုပ်ရှင်များက သုတရသကို ပေးစွမ်းနိုင်ကြပါတယ်။ တစ်ချို့သောရုပ်ရှင်တွေက လူတွေရဲ့ဘဝကို ထင်ဟပ်ပြသနေပါတယ်။ လူတွေက ရုပ်ရှင်တွေကနေတဆင့် သင်ယူနားလည်ကြတာမျိုးတွေလည်း ရှိတတ်ကြပါတယ်။ ဒီရုပ်ရှင်ကတော့ တချို့သောအချိန်များတွင် ကျွန်မတို့ကို ဘာကိုပြောပြချင်နေသလဲဆိုတာ နားမလည်နိုင်တာမျိုး ဖြစ်သွားမိပါတယ်။
စုလေးငုံ